Annotation
အစုစပ် လုပ်ငန်းသဘော ဘူတွေရှိနေသရွေ့ တစ်ဦးနဲ့တစ်ဦး မှီခိုပေါင်းစပ်ပြီး လုပ်ကိုင်တော့မယ်ဆိုဆိုတာနဲ့ ဒီဥပဒေမူသဘောက ဝင်လာပါပြီ။ ကုမ္ပဏီနဲ့ အစုစပ်ကွာခြားတဲ့ အဓိကအချက်က ကုမ္ပဏီမှန်ရင် အစိုးရထံမှာ မှတ်ပုံတင်မှ ဖွဲ့စည်းလုပ်ကိုင်ခွင့်ရှိပေမဲ့ အစုစပ်ကတော့ မှတ်ပုံတင်စရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် အနည်းဆုံးနှစ်ဦး သဘောတူလိုက်တာနဲ့ လုပ်ငန်းစတင်လို့ရပါပြီ။ မဖြစ်မနေ မှတ်ပုံတင်ဖို့မလို၊ စာနဲ့ရေးသား ချုပ်ဆိုရေးသားထားရမယ်လို့လည်း မဆိုထားသမို့ လွယ်လွယ်ကူကူ စတင်နိုင်ပါတယ်။ သို့ပေမဲ့ နောင်မှာ တစ်ဦးဦးကြောင့် တစ်ခုခုကြောင့် ပြဿနာတက်လာပြီဆိုရင်တော့ ဥပဒေနဲ့အညီ ဖြေရှင်းမှသာ တရားဝင်ပါလိမ့်မယ်။ အဲဒီလိုဆိုတာနဲ့ တည်ဆဲဥပဒေသဘောတရားတွေကသာ အကျုံဝင်လာပြီမို့ အခုဥပဒေအခြေခံမူတွေကို နားလည်ထားသူတွေ တကယ်လက်တွေ့အကျိုးှရှိလာပါလိမ့်မယ်။ အစပ်စုလုပ်ငန်းတစ်ခုအဖြစ် တည်ထောင်တော့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်တာပဲဖြစ်ရပါမယ်။ စီးပွားရေးလုပ်ငန်းဆိုရာမှာ ကုန်သွယ်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း စတာတွေပါဝင်ပါတယ်။ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်နဲ့ တွဲဖက်ပြီး စွန့်စားဆောင်ရွက်မှုလုပ်ငန်း ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု လုပ်မယ်၊ အဲဒီလုပ်ငန်းဟာ အောင်မြင်ပြီးတော့ အမြတ်ငွေရရှိလာမယ်ဆိုရင် ဒါဟာ အစုစပ်လုပ်ငန်းပါပဲ။ သို့ပေမဲ့ အဲဒီ အစုစပ်လုပ်ငန်းဟာ ဥပဒေနဲ့ညီညွတ်တဲ့ တရားဝင်လုပ်ငန်းအမျိုးအစားပဲ ဖြစ်ရပါမယ်။ ပြီးတော့လည်း အစုစပ်လုပ်ငန်းရဲ့ ရည်ရွယ်ချက်ဟာ အမြတ်ငွေရရှိဖို့အတွက်ပဲဖြစ်ရပါမယ်။ ဒါပေမဲ့ အမြတ်ငွေကို ရယူတိုင်းလည်း အစုဝင်တစ်ဦးမဖြစ်တာကို သတိပြုရမှာပါ။ အဲဒီအမြတ်ငွေဟာ သူ့ရဲ့တာဝန်ယူမှုကနေ ပေါက်ဖွားလာမှ အစုဝင်အနေနဲ့ရတဲ့ အမြတ်ငွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အမြတ်ငွေ ခွဲဝေယူခြင်းနဲ့အတူ အရှုံးကို မျှဝေခံစားခြင်းဆိုတဲ့တာဝန်လည်း ပူးကပ်နေတာ သတိပြုဖို့ပါပဲ။